သည်အရေး
ပြဒါးရှင်
ပေးချင်ငဲ့ ခုအရေး။
ဇော်ဂျီမောင် ငါမစစ်လို့
စိတ်ညစ်တယ်လေး။
(ဇော်ဂျီ-၁၉၃၆)
သတိ
ရုပ်သေးစင်ပေါ်
ဇော်ဂျီနှင့် တောင်ဝှေး။
အခုန်အပျံနှင့်
သူ့ဟန်ကို သည်ဖေကြည့်
မောမိတယ်လေး။
ရှိန်းဆာယာ ပိုမောက်
ကိုယ်ပျောက်သည့်တန်ခိုး။
ရှိန်းဆာယာ သည်ဖေကြောက်
စိတ်ပျောက်မှာ စိုး။
(ဇော်ဂျီ- ၁၉၈၄)
စမ်းကြည့်စရာပဲ
ရှိန်းဆာရာ ပိုမောက်
ကိုယ်ပျောက်၍ စိတ်ဖောက်လျှင်
ဆာယာရှင် ထင်ရာစိုင်း
ရိုင်းပျအစဉ်။
လောကနှင့် မာနယှဉ်
ဗိုလ်ကျချင် အမြဲ
အနိစ္စာ ထိုအသိ
သတိခံခိုင်သလောက်နှင့်
ပျောက်စိတ်ကိုရှာလျှင် မိပါလိမ့်
စမ်းကြည့်စရာပဲ။
ဲ (ဇော်ဂျီ- ၁၉၈၅)
ပန်းပန်လျက်ပဲ
ညိုပြာပြာ လတာပြင့် ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်
လှိုင်းသက်ရာဆင်း။
ဆင်းရလည်း မသက်သာ
အုန်းလက်ကြွေ ရေပေါလော
မျောစုန်လို့လာ။
အဆင်းနဲ့အလာ ဗေဒါမ-အထွေး
အုန်းလက်ကြွေ သူ့နံဘေး
ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လည်း မသက်သာ
နောက်တစ်ချီ ဒီတစ်လုံးက
ဖုံးလိုက်ပြန်ပါ။
မြုပ်လေပေါ့ပေါ်မလာ မဗေဒါ-အလှ
တစ်လံကွာ လှိုင်းအကြွ
ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လည်း မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ
မဗေဒါက တစ်ပင်ထဲ(တည်း)။
အယက်အကန်ခံလို့
ဗေဒါပျံ အံကိုခဲ
ပန်းပန်လျက်ပဲ။
( ဇော်ဂျီ)
ဗေဒါလမ်း အမှတ်စဉ် ၆
မြစ်တန်းမှာတဲ့လေကြမ်းစဉ်
ထန်လိုက်လေ လေမုန်တိုင်း၊
လှိုင်းကဘောင်ဘင်
တစ် လှိုင်းထွက်တစ်လှိုင်းဝင်၊
ဗေဒါခင်ဖြစ်နဲ
စိုးရွံ့မှာပဲ။
မြစ်ရိုးမှာတဲ့မိုးသက်ဆင်
လျှပ်ကြိုးပျံမိုးသံထစ်၊မိုးစစ်ဘုရင်
မိုးညစ်လို့မြစ်မမြင်၊ဗေဒါခင်ဖြစ်နဲ
ရေလှိုင်းဗလပွနဲ့
မိုးသက်လေရေတစ်ရိုးမှာ စိုးရွံ့မှာပဲ။
စိုးမရွံ့တွန့်မတုန်
မိုးနှင့်လေ ရေရှုပ်ထွေး။ရွေးမှမဖြုံ
ဆန်လိုက်ပြန်တုံစုန်လိုက်ပြန်ရ
ခေါက်ပေါင်းမရေနိုင်လို့
ဗေဒါခိုင်သည်မြစ်ထဲရဲခဲ့သည် ပါ။
(ဇော်ဂျီ)
No comments:
Post a Comment