Sunday, January 15, 2012

ဆရာရွှေဥဒေါင်း၏ ဘ၀ပုံရိပ်

          ဆရာ ရွှေဥဒေါင်း-၏ ငယ်မည်မှာ ဦးဖေသိန်းဖြစ်သည်။ ဖခင် ဦးဧရာ မိခင် ဒေါ်ရွှေတို့မှ ၁၈၈၉ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့တွင် မန္တလေး၌ မွေးဖွားသည်။ ဘုန်းကြီးကျောင်းပညာရေး၊ သာသနာပြုကျောင်းစသည်တို့တွင် ပညာသင်ကြားခဲ့ပြီး၊ ကာလကတ္တား တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့သည်။ ဆရာသည် ကျောင်းဆရာ၊ စာရေးဆရာ၊ အယ်ဒီတာစသဖြင့် လောကဇာတ်ခုံတွင် ကျင်လည်ခဲ့သည်။ ၁၉၁၆ ခုနှစ်တွင် ၀တ္ထုစတင်ရေးခဲ့သည်။ ဆရာ ရွှေဥဒေါင်း ပထမဆုံးဝတ္ထုမှာ ရန်ကြီးအောင် ဖြစ်ပါသည်။  စာရင်းများအရ ၀တ္ထုရှည် ၁၄အုပ်ကို ဘာသာပြန်၍၊ ၀တ္ထုရှည် ၁၅ အုပ်ကို မှီငြမ်းပြုစုရေးသားခဲ့ပြီး၊ ၀တ္ထုတို အမြောက်အများကိုလည်း မှီငြမ်းရေးသားခဲ့သည်။ ဘာသာလည်ူပြန်ခဲ့သည်။
       ဆရာရွှေဥဒေါင်း၏ ၀တ္ထုအများစုမှာ ဘာသာပြန် အမှီပြုမှုများသည်ဟု ဆိုနိုင်သည်။ ပင်ကိုရေးဝတ္ထု ၅ပုဒ်နှင့် ဘာသာရေးဆိုင်ရာကျမ်း ၅ကျမ်း၊ အထွေထွေ ဗဟုသုတကျမ်း ၃ကျမ်း၊ ခရီးသွားမှတ်တမ်း ၁အုပ်၊ ကိုယ်တိုင်ရေး အတ္ထုပ၌တ္တိ ၂အုပ်ကို ရေးသားပြီး၊ ကျမ်းမာရေးနှင့် ကြီးပွားရေး စာအုပ်များကို ဘာသာပြန်ခဲ့သည်။ ဆရာသည် သတင်းစာခေါင်းကြီးပိုင်းနှင့် ဆောင်းပါးများကိုလည်း ရေးသားခဲ့သေးသည်။
ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်တွင်မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တရုတ်နိုင်ငံ၊ ယခင် ဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံများသို့ သွားရောက်ခဲ့သည်။ 
       ၁၉၅၂ ခုနှစ်တွင် မျှော်တလင့်လင့်ဖြင့် စာပေဗိမာန် ဘာသာပြန်ဆု၊ ၁၉၅၅ ခုနှစ်တွင် သွေးစုပ်မြေဖြင့် စာပေဗိမာန် ဘာသာပြန်ဆု၊ ၁၉၆၁ ခုနှစ်တွင် တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ စာပေဗိမာန် သုတပဒေသာဆုများ အသီးသီးရရှိခဲ့သည်။  ဆရာရွှေဥဒေါင်း၏ မောင်စံရှား ၀တ္ထုမှာ ပရိတ်သတ် စိတ်ဝင်စားမှု့အခံရဆုံး စုံထောက်ဝတ္ထုဖြစ်ခဲ့ပြီး အလွန်ကျော်ကြားခဲ့သည်။ ရူပနန္ဒိ၊ ရူပကလျာဏီ နှင့် ပထမံဆရာသိန်း အမှီးဝတ္ထုများသည်လည်း အလွန်ထင်ရှားခဲ့သည်။ ဆရာရွှေဥဒေါင်း ၁၉၇၃ သြဂုတ်လ ၁၀ ရက်နေ့တွင် ကွယ်လွန်ခဲ့ပါသည်။

No comments:

Post a Comment