Thursday, February 16, 2012

ဆရာဇော်ဂျီ၏ဗေဒါလမ်းကဗျာများ




မယ့်လမ်းပါလား

ပန်းနီလာ ဗေဒါ ဆင်သလို့
ယဉ်လှတယ်လေး။
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်းမှာ
တန်းစီလို့လေး။
အိုအချင်း ကျူရိုးရှင်
မဗေဒါ ပြာလဲ့လန်း၊ ကမ်းကပ်မယ် ပြင်။
စံပယ်လှ ပွင့်ဖြူစင်၊ ကမ်းခွင်က ငယ်ကျွမ်း။
သူ့လိပ်ပြာ ခြံအရံနဲ့
သူစံရာ သူပျော်မွေ့၊ ပြေးတွေ့ချင်စမ်း တဲ့။
တွေ့ချင်တဲ့ စေတနာရယ်
ငယ်ကျွမ်းဆွေ လွမ်းဝေတေးပေမို့
အေးချိုလှတယ်။
လိပ်ပြာက ၀တ်ရည်သယ်၊ စံပယ်က မအား။
ပွင့်ဖူး တဝေေ၀နဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါ့လား။
အိုအချင်း ကျူရိုးရှင်။
မဗေဒါ ပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်။
ဟိုအကွေ့မှာလ
ကိုရင်ဖေ့ ချစ်ရေစင်၊ ပျိုခင်ရဲ့ အနွဲ့။
ပျို့လက်မှာ မယ်ဗေဒါက
ပျို့မျက်နှာ ချစ်အုံ့ပုန်းကို၊ ပြုံးကြည့်ချင်ငဲ့ တဲ့။
ကြည့်ချင်တဲ့ စေတနာရယ်။
သနားဖွယ် ချစ်ဖွယ်တေးပေမို့ အေးချိုလှတယ်။
ချစ်စနိုးရယ်နဲ့
မြစ်ရိုးက အပြာခြယ်ကို၊ ပျိုနယ် လိုက်လေမလား။
ပွင့်ဖူး တဝေေ၀နဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါလား။
အိုအချင်း ကျူရိုးရှင်။
မဗေဒါ ပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်၊
ထီးတော်က တချွင်ချွင်၊ ကွင်းပြင်က ဘုရား။
နေမင်း ညိုချိန်တန်ပေါ့
နိဗ္ဗာန်ကို စိတ်ကြံကူး၊ ဖူးချင်လျက်သား တဲ့။
ဖူးချင်တဲ့ စေတနာရယ်။
နိဗ္ဗိန္ဒာ ဂီတာတေးပေမို့၊ အေးချိုလှတယ်၊
ကျွတ်ဆုကိုရွယ်၊ လွယ်ပါတော့ အရ။
ပွင့်ဖူး တဝေေ၀နဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းသာပါ့။
ချောင်းရေက ဖောင်၊ တောင်လေက သွေး။
ရွက်လင်းယဉ် မြိုင်မြိုင်နဲ့
ပန်းတိုင်ကို ပန်းခိုင်ဆိုက်အောင်၊ အားစိုက်ပါလေး။   ။
ရန်ကုန်တက္ကသိုလ်နှစ်လည်စာစောင်(1957-1959)


မယ့်လမ်းပါတဲ့

ဒီချောင်းမှာ ရွှင်၊ ဗေဒါခင် ပြာလဲ့။
စံပယ်ကို ယိုးမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့။
ဒီချောင်းမှာ ရွှင်၊ ဗေဒါခင် ပြာလဲ့။
ပျိုမယ်ကို ယိုးမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့။
ဒီချောင်းမှာ ရွှင်၊ ဗေဒါခင် ပြာလဲ့။
စေတီငယ် ယိုးမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့။
လင်းယဉ်နွဲ့ တချီချီ။
ကျူရိုးရှင် သူ့စကား၊ နားကျခဲ့ပြီ။
ကျွတ်ဆုမြတ် စလွယ်ချည်၊ ဗေဒါရီ ပြာလဲ့
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါတဲ့။   ။
 ရန်ကုန်တက္ကသိုလ်နှစ်လည်စာစောင်(1957-1959)



ဘယ်ရွာ ဆိပ်ကမ်း

ချောင်းပြင်မှာ စီတန်းလို့
ဗေဒါပန်း ရေကြင်ဆွေ၊ မျောလို့သာနေ၊
ကမ်းကွေ့မှာ ခွေ၊ ကမ်းပြေတော့ စင်း။
သည်ချောင်းရေ လေမခတ်တယ်၊ စီးတတ်လေခြင်း။
ကျူရိုးရှင် ပီပီမှုတ်လို့
ဘုတ်မကို သူကပြိုင်၊ ချောင်းစပ်မှာ ထိုင်။
ဘုတ်မက တိုင်၊ ကျူတိုက်က အေး။
ရေစီးနဲ့ လာ၊ ရေသာမှာ ပြန်လို့ မြန်းတဲ့
မဗေဒါ စုန်ဆန်ပန်းကို၊ လွမ်းတယ်တဲ့ လေး။
စုန်ပါတဲ့ ဆန်ပါ။
ကျူရိုးရှင် ပီပီကလေးနဲ့၊ တေးချိုလို့သာ။
ဘယ်မြို့ကလာ၊ ဘယ်ရွာ ဆိပ်ကမ်း။
အပွင့် အပြာရောင်နဲ့
ဘယ်သောင်မှာ နေချိုအေးလျှင်၊ မှေးအိပ်မယ်မှန်း။   ။
ရန်ကုန်တက္ကသိုလ်နှစ်လည်စာစောင်(1957-1959)



မှန်းဖို့ လိုပဲ

မဗေဒါ၊ ဘယ်ရွာ ဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ ဘယ်ရေဆိပ်မှာမှ၊ နေအိပ်လိုပဲ။
ဒီတက်လျှင်ပျော်
ဗေဒါမော် ရေကျော်ဆိုက်အောင် ဆန်လိုက်သည်ပဲ။
မဗေဒါ၊ ဘယ်ရွာ ဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ ဘယ်ရေဆိပ်မှာမှ၊ နေအိပ်လိုပဲ။
ဒီကျလျှင် ရွှင်
ဗေဒါခင် ပင်လယ်ဆိုက်အောင်၊ စုန်လိုက်သည်ပဲ။
ဘုတ်မက အီ၊ ပီပီက သံမစဲ။
မဗေဒါ စုန်ဆန်လမ်းကို၊ မှန်းဖို့ လိုပဲ။   ။
ရန်ကုန်တက္ကသိုလ်နှစ်လည်စာစောင်(1957-1959)



တက်ချိန်နှင့် ကျချိန်

ဗျိုင်းညီနောင်၊ အတောင်က ဖြူဖွေး။
ကမ်းစပ်ကိုကြဉ်
ကွင်းပြင်ကို စားကျက်ပြောင်းကြပေါ့
ချောင်းအောင်ခွင် ပင်လယ်ဝမှာ၊ ဒီကြွပြီလေး။
ကနန်းမ ရွှံ့စိုစို၊ တစ်ကိုယ်လုံ့ နီတွေး။
တွင်းဝ လတာပြင်က
ခရာပင် တွယ်ကာတက်လေပေါ့
တောင်ဘက်ခွင် ပင်လယ်စွန်းမှာ၊ ဒီတွန်းပြီလေး။
ပုစဉ်းကောင်၊ အတောင်က ငွေမှေး။
ကမ်းစပ် ကျူတစ်ရုံက
သူမလုံ သူခုန်ထွက်လေပေါ့၊ ဒီတက်ပြီလေး။
ဒီတက်ချိန်တန်၊ ဆန်လာပေါ့ ဗေဒါပန်း။
ကျူရိုးရှင် ကျူတံတီး၊ ဆိးကြိုလို့လွမ်း။
ဗျိုင်းညီနောင်၊ အတောင်ကဖြူဖွေး။
ကမ်းစပ်မှာငိုင်
သူ့လည်တိုင် စွေတစောင်းနဲ့
ရေတံငါ အစာချောင်းပြန်ပေါ့၊ ဒီညောင်းပြီလေး။
ကနန်းမ ရွှံ့စိုစို၊ တစ်ကိုယ်လုံ့ နီတွေး။
လက်မ တထောင်ထောင်နဲ့
တွင်းပေါင်မှာ မင်းယောင်ခင်းပြန်ပေါ့
ဒီဆင်းပြီလေး။
ပုစဉ်းကောင်၊ အတောင်ကငွေမှေး။
ကျူရုံမှာ သူလှုံ ခပြန်ပေါ့၊ ဒီကျပြီလေး။
ဒီကျချိန်တန်၊ စုန်ပြန်ပေါ့ ဗေဒါပန်း
ကျူရိုးရှင် ကျူပင်ရွက်နဲ့၊ ခွန်းဆက်လို့လွမ်း။   ။
ရန်ကုန်တက္ကသိုလ်နှစ်လည်စာစောင်(1957-1959)



ရဲခဲ့သည်ပါ့

မြစ်တန်းမှာတဲ့ လေကြမ်းဆင်။
ထန်လိုက်လေ လေမုန်တိုင်း၊ လှိုင်းက ဘောင်ဘင်။
တစ်လှိုင်းထွက် တစ်လှိုင်းဝင်၊ ဗေဒါခင် ဖြစ်နဲ။
ရေလှိုင်း ဗလပွေနဲ့
မုန်တိုင်းလေ ရေတစ်ရိုးမှာ၊ စိုးရွံ့မှာပဲ။
မြစ်ရိုးမှာတဲ့ မိုးသက်ဆင်။
လျှပ်ကြိုးပျံ မိုးသံထစ်၊ မိုးစစ်ဘုရင်။
မိုးညစ်လို့ မြစ်မမြင်၊ ဗေဒါခင် ဖြစ်နဲ။
ရေလှိုင်း ဗလပွေနဲ့
မိုးသက်လေ ရေတစ်ရိုးမှာ၊ စိုးရွံ့မှာပဲ။
စိုးမရွံ့ တွန့်မတုန်။
မိုးနှင့်လေ ရေရှုပ်ထွေး၊ ရွေးမျှမဖြုံ။
ဆန်လိုက်ပြန်တုံ၊ စုန်လိုက်ပြန်ရ။
ခေါက်ပေါင်း မရေနိုင်လို့
ဗေဒါခိုင် သည်မြစ်ထဲ၊ ရဲခဲ့သည်ပါ့။   ။
ရန်ကုန်တက္ကသိုလ်နှစ်လည်စာစောင်(1957-1959)

တေးစုံနဲ့ပဲ

တီတာတာ
ကညာ မေဘုတ်က၊ ရွှေနှုတ်ချိုသွေး။
ကျူရိုးရှင် ပီပီနွဲ့၊ လွမ်းမယ်ဘွဲ့ တေး။
ပဒေသာ
ထေရ်ဝါရည်စူးလို့၊ လှေဦးမှာ လေး။
ကျူးရိုးရှင် ပီပီနှော၊ စည်ဗျောသံတေး။
သောင်အခြေ
ခေါင်ရေ လေမြူးတော့၊ ရေရူးတွေ ဖွေး။
ကျူးရိုးရှင် ပီပီဟိန်း၊ ဗိန်းဗောင်းသံ တေး။
အကောင်သေ
တောင်လေ ရေတက်တော့၊ ရေယက်နဲ့ ထွေး။
ကျူရိုးရှင် ပီပီညှင်း၊ ငိုချင်းသံ တေး။
တက်မကူ
ရွက်ဖြူ ပူဖောင်းနဲ့၊ လှေလောင်းကိုယ် လေး။
ကျူရိုးရှင် ပီပီပျိုး၊ ဘွဲ့ကြိုးသံ တေး။
ပြူ့တပြူ
မြေငူ ဓနိကျွန်း၊ သောင်းထွန်းပြီ လေး။
ကျူရိုးရှင် ပီပီနော့၊ သားချော့သံ တေး။
တေးမျိုးရယ်စုံ၊ ကုန်နိုင်ပါလေပဲ။
မဗေဒါ စုန်ဆန်မြဲ၊ တေးစုံနဲ့ ပဲ။   ။
ရန်ကုန်တက္ကသိုလ်နှစ်လည်စာစောင်(1957-1959)



မျောလျက်သာပဲ

လေပြင်းငယ် ပွေ၊ လေပြင်လျှင် လဲ။
ချောင်းကျယ် ဘယ်မငြင်း၊ ချောင်းကျဉ်းလျှင် လဲ။
နေပူတုန်း ခါ၊ မိုးရွာလျှင် လဲ။
လသာသာ ပျိုအိုကြိုက်၊ လမိုက်လျှင် လဲ။
အဖော်ငယ်စုံ၊ ဖော်မစုံလျှင် လဲ။
ပွင့်ဖူးငုံ အကုန်လန်း၊ နွမ်းနယ်လျက် လဲ။
စုန်ပြန်ရ အဖန်ဖန်၊ ဆန်ပြန်ရ တလဲလဲ။
မဗေဒါ ဒီရေကြောမှာ၊ မျောလျက်သာ ပဲ။   ။
ရန်ကုန်တက္ကသိုလ်နှစ်လည်စာစောင်(1957-1959)
            

                                                 စုန်ဆန်ရ တရား
 
ပန်းပါဘိ ဗေဒါဆွေ။
ကျူရိုးရှင် ပီပီကလေး၊ တေးသံက ဝေ။
စုန်ဆန်ရ တပေပေ၊ ဒီရေနယ် တကျေး။
ဒီချောင်းရ ဗေဒါလ်း၊ ပန်းဖွယ်တဲ့ လေး။
အိုအချင်း ကျူရိုးရှင်။
နေသာမှာ ရွာရဟန်း၊ ဆွမ်းခံကြွ ၀င်။
ထန်းတစ်ဖျား နေကို မြင်၊ ရွာပြင်က တံတား။
ဆွမ်းခံပြန် ရွာကိုရှား၊ နေ့တိုင်းပါလား။
အိုအချင်း ကျူရိုးရှင်။
ဟင်းရွက်စုံ နှစ်ပုံထပ်၊ လောင်းစပ်မှာ တင်။
ဈေးသမား မယားလင်၊ တစ်ရွာဝင် တစ်ရွာသွား။
အိမ်အပြန် ပုဇွန်ငါး၊ နေ့တိုင်းပါလား။
ဒီတက်တော့ သူထက်သန်။
ဒီကျလျှင် သူ ရွှင်လန်း၊ တန်းစီလို့ ပြန်။
အလဲလဲ အဖန်ဖန်၊ စုန်ဆန်ရ တရား။
ဗေဒါဆွေ ဒီရေသွား၊ မြင်ထားလို့လား။    ။
ရန်ကုန်တက္ကသိုလ်နှစ်လည်စာစောင်(1957-1959)

ပန်းပန်လျှက်ပဲ

ညိုပြာပြာ လတာပြင့် ခြေရင်း။
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာ ဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ။
အဆင်းနဲ့ အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ။
မြှုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ။
တစ်လံကွာ လှိုင်းအကြွှ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လဲ မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာ နှစ်ရာ၊ ဗေဒါက တစ်ပင်ထဲ။
အယက် အကန် ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက် ပဲ။   ။
တက္ကသိုလ်အိုးဝေမဂ္ဂဇင်း(1960)


 တွေးမိပါစ

ဗေဒါတဲ့ ဗေဒါ။
ဒီချောင်းမှာ အမည်မွှေး၊ အေးငြိမ့်သာယာ။
မွှေးသမျှ ပြန်တစ်ရာ၊ ခံစရာ အရေး။
အတိုက် ခံနိုင်မှ၊ အမွှေ့ ခံနိုင်မှ
ထိုးဝါးကိုင် ဒီဆိုင်ဝဲတဲ့
ရွှေဘဲရန် စုန်ဆန်လမ်းမှာ
ရမ်းတတ်တယ် လေး။
မွှေးမှလဲ မဟုတ်ပါ။
ရိုးသံရှင် ပဲ့တင်ထပ်၊ ချောင်းရပ် ဧရာ။
စုန်ဆန်ရ လမ်းတကာမှာ၊ လမ်းမသာ ရှာကြ။
တစိုက်စိုက်ကယ်နဲ့
အတိုက်ကို အကြိုတွေ့ပါလို့
အမွှေ့ဒဏ် ခံနေကြ၊ တွေးမိပါစ။   ။
တက္ကသိုလ်အိုးဝေမဂ္ဂဇင်း(1960)



စိုင်းအုံးမှာလား

ပင်လယ်ဝဆီက၊ ဒီတက်စ လှိုင်းဘောင်ဘင်။
မဗေဒါ တစ်ဟုန်ထိုး၊ ချောင်းရိုးကို ၀င်။
မိုးမမြင် လေမမြင်၊ ပန်းဆန်ချင်လေတိုင်း။
ရေထဦးပေမို့
စိတ်ကူးယဉ် ယဉ်လေတိုင်း၊ ပန်းထင်ရာစိုင်း။
အထက်ချောင်းကျတော့၊ ဒီညောင်းစ ချောင်းရေသာ။
မဗေဒါ ကိုယ်ရှိန်သတ်၊ လှမ်းတက်နိုင်ပါ။
စိုင်းခဲ့တဲ့ ခရီးတာမှာ၊ သာနစုံ ပုံခဲ့။
ရေသင်းဖြူး ပေမို့
ပွင့်ဖူးစုံ ငုံတံနဲ့၊ ပန်းမူရာနွဲ့။
ပန်းအလှ မဗေဒါ တဲ့။
ကျူရိုးရှင် ခွန်းစလာ၊ တေးသံကသာ။
ပင်လယ်ဝဆီက
ဒီရေကျ ခွန်းစလာ၊ လွမ်းစရာပါတကား။
မိုးမမြင် လေမမြင်နဲ့
ထီမထင် စုန်ချင်တိုင်း၊ စိုင်းအုံးမှာလား။
တက္ကသိုလ်အိုးဝေမဂ္ဂဇင်း(1960)